ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Tuesday, March 1, 2011

news

FROM, LANN THIT JOURNAL

မလေးရှား လူဝင်မှုကြီးကြပ်ရေး လက်ရှိအခြေအနေများ သုံးသပ်ချက်

မလေးရှားနိုင်ငံ၏ လက်ရှိအခြေအနေသည် ဟိုယခင်ကာလများကကဲ့သို့ တကျော့ပြန်လာ ပြီဟု ထင်မှတ်ရပေသည်။ ယခုတလော မလေးရှားနိုင်ငံအတွင်း နိုင်ငံခြားသားများနှင့် ပါတ်သက်၍ အတော်လှုတ်လှုပ်ခတ်ခတ် ဖြစ်နေပြီး ဝန်ကြီးဌာနများ၊ နှင့် အဖွဲ့အစည်းများ ခေါင်းချင်းရိုက်ကာ တိုင်ပင် ဆွေးနွေး၍ မကုန်နိုင်အောင်ရှိကြသည်။ အထူးသဖြင့် လူဝင်မှု ကြီးကြပ်ရေး၊ ရာဇဝတ်မှု နှိမ်နင်းရေး၊ လူ့အရင်းအမြစ် စသည်တို့နှင့် သက်ဆိုင်သော ဝန်ကြီးဌာနတို့မှာ နိုင်ငံခြားသား များအရေးကို မည်ကဲ့သို့ နိုင်နိုင်နင်းနင်း ကိုင်တွယ် ဖြေရှင်းရမည်ကို အဖြေရှာလျှက် ရှိကြသည်။

တိုင်းပြည်အကျိုးသာလျှင် အဓိက

မလေးရှားအစိုးရအနေဖြင့် နိုင်ငံခြားသားများကို လွယ်လင့်တကူ ပြည်ဝင်ခွင့်ဗီဇာ ပေးခြင်း၊ နိုင်ငံခြားသားများကိုအလုပ်အကိုင်ပေးထားခြင်း သည် ၎င်းတို့၏ နိုင်ငံ၏ အကျိုးစီးပွား တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းသာဖြစ်သည်။ ကျွမ်းကျင်သောအတတ်ပညာရှင်များ၊ ဈေးပေါပေါရသော အလုပ်သမားများ၊ ဝင်ငွေအလုံးအရင်းကို ကိုင်ကာ တိုင်းပြည်အတွင်း ဝင်ရောက် ရင်းနှီးမြှပ်နှံမည့် သူများသည် ရေရှည်တွင် မလေးရှားနိုင်ငံ၏ အကျိုးစီးပွားကို ကူညီ မြှင့်တင် မည့်သူများဟု ယုံကြည်နေ သောကြောင့် ဖြစ်သည်။ နည်းမျိုးစုံဖြင့် ဝင်ရောက်လာကြသော နိုင်ငံခြားသားများသည် မလေးရှားနိုင်ငံ၏ ထွက်ကုန်များ နှင့် ဝန်ဆောင်မှု လုပ်ငန်းများကို မဖြစ်မနေ ဝယ်ယူသုံးစွဲ ကြလိမ့်မည်ဟု ယုံကြည်၍ဖြစ်သည်။ ထို့အတူပင် ဈေးပေါပေါနှင့် ရနေသော နိုင်ငံခြားသားလုပ်သမားများသည် ဖွံ့ဖြိုးတိုးတက်လျှက် ရှိသော မလေးရှားနိုင်ငံကို ထူထောင်ရာ တွင် အလွန်အသုံးဝင်သည်မှာ မည်သူမျှ ငြင်းပယ်၍ မရသော အချက်ဖြစ်သည်။

ပြည်ဝင်ခွင့်ကို အလွဲသုံးစားလုပ်သူများ

သို့သော် အချိန်ကြာလာသည်နှင့် အမျှ ပြည်ဝင်ခွင့်ဗီဇာပေးနေခြင်း ရည်ရွယ်ချက်သည် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်လာသည်။ မလေးရှား၏ အကျိုးစီးပွားအတွက် မျှော်ကိုးပြီး ပေးလိုက်သော အဆိုပါ ပြည်ဝင်ခွင့်များသည် မသမာသူအချို့ အတွက် အခွင့်အရေး ကြီးတရပ် ဖြစ်လာရပေသည်။ ငပိကို ထုတ်လုပ်ရာတွင် မလိုလားအပ်သော လောက်များ ပေါက်ပွားတတ်သည်မှာ သဘာဝဖြစ် သည်။ လွယ်ကူသော လူဝင်မှု တံခါးပေါက်ကြီး ၏ နောက်ကွယ်တွင် မလေးရှားနိုင်ငံသည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားသူတို့၏ ပြစ်မှတ်၊ ပြည့်တန်ဆာလုပ်ကိုင်သူတို့ ပျော်မွေ့ရာ၊ ခိုးဆိုးလုယက် သူတို့အတွက် မျက်စိကျစရာ ဌာနေကြီး တခုဖြစ်လာရသည်။

မှုခင်းမျိုးစုံ နှင့် အစိုးရ၏ မူဝါဒ

မှုခင်းမျိုးစုံ ပေါ်ပေါက်လာသည့်အထဲတွင် ငယ်ရွယ်သူများအား ဖျားယောင်း သွေးဆောင် ကာ လူကုန်ကူးမှု၊မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကား မှု၊ လုယက်မှု၊ ပြည့်တန်ဆာမှု၊ စသည်ဖြင့် အမှုစုံလင်လှသည်။ နိုင်ငံစုံမှ လာသူများသည် ၎င်းတို့ သန်ရာသန်ရာ ရာဇဝတ်မှု များကို အထူးပြုကာ လုပ်ကိုင်ကြောင်း တွေ့ရမည် ဖြစ်သည်။ ဥပမာအားဖြင့် တရုတ်ပြည်မှ ငယ်ငယ် ရွယ်ရွယ် မိန်းကလေးများ ပြည့်တန်ဆာအဖြစ် ဝင်ရောက်လာချိန် တွင် အီရန်လူမျိုးများ မူးယစ်ဆေးဝါးမှောင်ခိုခြင်း တို့ဖြစ်သည်။ ထိုအထဲတွင် လုယက်မှုနှင့် လူသတ်မှုအချို့တို့တွင် မြန်မာများ ကြို့ကြားကြို့ကြား ပါဝင်လာသည်မှာလည်း အများသိပြီးဖြစ်သည်။

လောလောဆည်တွင် အစိုးရသည် အလုပ်သမားလိုအပ်နေပြီး တပြိုင်တည်းမှာပင် တရားမဝင် လာရောက်နေထိုင်သူ ၃သန်းခန့်ကို ပြန်ပို့ရေး လွန်ဆွဲကာ ကျဉ်းထဲကျပ်ထဲ ကျရောက်နေ ချိန်ဖြစ်သည်။ ဘက်ပေါင်းစုံမှ ပေါ်ပေါက်နေသော ပြဿနာများကို မည်ကဲ့သို့ ဝိုင်းဝန်း ဖြေရှင်းကြမည်နည်း။ ဖြစ်ပေါ်နေသော အခြေအနေကို လိုက်ကာ မလေးရှားအစိုးရသည် မူဝါဒ ပြောင်းလဲခြင်းကို မကြာခဏလုပ်တတ်၏။ ထိုသို့မူပြောင်းလဲ လျှင် နောက်ဆက်တွဲ အနေဖြင့် ဥပဒေများကိုလည်း ပြောင်းလဲတတ်ပါသည်။

တခုသတိထားရန်မှာ မလေးရှားသည် ဒီမိုကရက်တစ်နည်းဖြင့် အုပ်ချုပ်သော တိုင်းပြည်ဖြစ်သည်။ ဆိုလိုသည်မှာ ပြဿနာတရပ် ပေါ်ပေါက်လာလျှင် တစ်စုံတစ်ဦးက ဆုံးဖြတ်ချက် ချပေးခြင်း၊ အမိန့်ပေးခြင်းမျိုး မဟုတ်။ လူထုကိုယ်စားပြု၊ အစိုးရကိုယ်စားပြု နှင့် နိုင်ငံတကာအဖွဲ့အစည်းများ စုပေါင်းကာ ဘက်စုံမှ ဝိုင်းဝန်းစဉ်းစား အဖြေရှာခြင်းဖြစ် သည်။ ထို့ကြောင့် ဥပဒေတစ်ခု၊ မူဝါဒတစ်ခု ပြောင်းလဲခြင်းသည် အစိုးရအပေါ်တွင်သာ မတည်ပဲ တိုင်းပြည်ရှိ အရေးပါသော လူတန်းစားများဖြစ်သည့် ငွေရှင်ကြေးရှင်၊ စီးပွားရေး ပညာရှင်၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ အဖွဲ့ အစည်းများ စုပေါင်းပါဝင်ကာ အဖြေရှာသော နည်းကို အသုံးပြုပါ၏။

ဘာတွေဖြစ်နေသလဲ ဘာတွေလုပ်သင့်သလဲ

နောက်ဆုံးဖြစ်ပေါ်နေသော အခြေအနေကို လေ့လာနိုင်ရန်အတွက် ပုံမှန်သတင်းဖတ်ရန်၊ နားထောင်ရန်သည် အရေးကြီးပါ၏။ အရေးကြီးသော အစည်းအဝေးများ ခေါ်ယူသည့်အခါ ဘယ်အဖွဲ့အစည်းက ဘာတွေ ပြောပြီး နောက်ဆုံးတွင်ဘယ်လိုဆုံးဖြတ်သွားသည် ဆိုသည်မှာ သတင်းထဲတွင် ပုံမှန်ရှိနေသည်။ လတ်တလောတွင် အစိုးရအနေဖြင့် အကြံရခက်နေပုံနှင့် လုပ်ငန်းပိုင်ရှင်များ၏ အရေးပါသောအခန်းကဏ္ဌကို တွေ့ရှိနိုင်သည်။

လောလောဆည်တွင် အစိုးရအနေဖြင့် တရားမဝင်နေထိုင်သူများကို လွတ်ငြိမ်းချမ်း သာခွင့် ပေးကာ ပြန်လွှတ်တော့မည်ဟု ဆိုထားသော်လည်း အစည်းအဝေးမှ ထွင်ပေါ်လာ သော အကြံပြုချက်အချို့အရ တရားမဝင်ရှိနေသူများကိုလည်း အလုပ်ပြန်ခန့်နိုင်ရန် စဉ်းစားမည်ဟု ဆိုထားခြေသည်။ သို့သော် ထိုသို့ အလုပ်ခန့်လိုက်လျှင် တရားမဝင် နေထိုင်သူ ၃သန်းခန့်ကို ဆက်လက်နေထိုင်ရန် အားပေးလိုက်သလို ဖြစ်ခြေမည်။ မည်သို့ပင်ဆိုစေ သေချာသည်မှာ မလေးရှားနိုင်ငံ၏ လူအဝင်အထွက်ကို ထိန်းချုပ်ရန်အတွက် နည်းပညာသုံး ပစ္စည်းများ တတ်ဆင်တော့မည် ဖြစ်သည်။ အဆိုပါနည်းပညာသုံးပစ္စည်းများဖြင့် လူမည်မျှဝင်သည်၊ ထွက်သည် ထိုသို့ဖြစ်လာလျှင် လေဆိပ်မှ အဝင်အထွက် ပြုသူများသည် အမည်ပြောင်းလဲ ခြင်း၊ နိုင်ငံကူးလက်မှတ်ပြောင်းလဲခြင်း၊ စသည်တို့ကို ပြုလုပ်နိုင်တော့မည် မဟုတ်။ တချိန်တည်းတွင်ပင် နယ်စပ်အဝင်အထွက်များသည်လည်း ယခင်ကထက် ပိုမိုခက်ခဲ လာနိုင် ဖွယ်ရှိသည်။

လက်ရှိတွင် အလုပ်သမားခေါ်ယူခြင်းကို ပိုမိုတင်းကြပ်သော ဥပဒေများ၊ အခွန်များ နှင့် ကိုင်တွယ်လာသည့်အတွက် တရားဝင်ပါမစ်နှင့် ခေါ်ဆိုသောအခါ အလုပ်ရှင်ရော၊ အလုပ်သမားများအတွက်ပါ ပိုမိုအကုန်အကျများလာသည်ကို တွေ့ရသည်။ နောက် ဆက်တွဲ အနေဖြင့် ဘာတွေဖြစ်လာနိုင်သနည်း။ လူအတော်များများသည် တရားမဝင်နည်း ဖြင့် ပိုမိုအသုံးပြုလာနိုင်သည်။ ထိုသို့ဆိုလျှင် အစိုးရဖက်ကရော ဘာတွေလုပ်မည်နည်း။ စဉ်းစားစရာတွေ များလှခြေသည်။ သေချာသည်မှာ အစိုးရသည် ၎င်းတို့တိုင်းပြည် အကျိုးစီးပွား (စီးပွားရေး၊လူမှုရေး၊နိုင်ငံရေး) အတွက် ဖက်ပေါင်းစုံမှ အကောင်းစုံထား အဖြေရှာကာ ပြဿနာများကို ကိုင်တွယ်သွားမည်ဆိုသည့်အချက်မှာ ယုံမှားဘွယ်ရာ မရှိခြေ။

Type your summary here.Type the rest of your post here.